Wednesday, November 30, 2011

Programme for CNY Retreat at Bodhiyarama, KKB (Jan 21 - Jan 29, 2012)

ဓမ္မမိတ်ဆွေအပေါင်းတို့ရှင်...

သတိပဋ္ဌာန်ရိပ်သာ (စင်္ကာပူ) မှ ဦးဆောင်၍ ၂၀၁၂ ဇန်န၀ါရီလ ၂၁ ရက်မှ ၂၉ ရက် ထိ (တရုတ်နှစ်သစ်ကူး ပိတ်ရက်) မလေးရှားနိုင်ငံ ကွာလမ်လမ်ပူမြို့အနီး ဗောဓိရာရမ (Bodhiyarama Hermitage) ကျောင်းတိုက်ဝန်းကြီး တွင် ကျင်းပ ပြုလုပ်မည့် (၉)ရက် ၀ိပဿနာ တရားစခန်းပွဲကြီး၏ အသေးစိတ် အစီအစဉ် ကို အောက်ပါလင့်မှ ဒေါင်းလုပ် ရယူ နိုင်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။

Programme for CNY Retreat at Bodhiyarama, KKB (Jan 21 - Jan 29, 2012)
တရားစခန်း ကျင်းပပြုလုပ်မည့် ကျောင်းတိုက်ဝန်းကြီးမှာ ၆ဧကခန့်ကျယ်ဝန်းသော ခြံဝန်းကြီး အတွင်း တည်ရှိပြီး ကျောင်းတိုက်အဆောင်များတွင် ယောဂီ ၇၀ဦးခန့် ငြိမ်းချမ်းစွာဖြင့် တရားပွားများ အားထုတ် သတင်းသုံး နေထိုင် နိုင်ပါသည်။ ခရီးစဉ် ကို သတိပဋ္ဌာန်ရိပ်သာ (စင်္ကာပူ) မှ အခမဲ့ စီစဉ်ပေးမည် ဖြစ်ပါသည်။

တရားစခန်းသို့ အလှူဒါန ပြုလုပ်လိုသူများ အနေဖြင့်လည်း သဒ္ဓါတရား နည်းများမဆို ပါဝင် ကုသိုလ် ယူနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

အသေးစိတ် အချက်အလက်များကို ထပ်မံ သိလိုသည်များရှိ ပါက ဒေါ်ခင်ကြူကြူ (၉၁၄၄ ၇၆၈၉) ၊ ဦးကျော်ဟန် ( ၉၆၁၉ ၉၅၄၀) သို့ တိုက်ရိုက် ဆက်သွယ်စုံစမ်းနိုင်ပါသည်။

မေတ္တာဖြင့်...
သတိပဋ္ဌာန်ရိပ်သာ ၀ိပဿနာ တရားစခန်း၊ စင်ကာပူ


သာဓု... သာဓု... သာဓု

++++++++++++++++

Saturday, November 26, 2011

သတိပဋ္ဌာန်ရိပ်သာ ၀ိပဿနာ (၉)ရက် တရားစခန်း၊ ၂၀၁၂ ခုနှစ် တရုတ်နှစ်သစ်ကူး

သတိပဋ္ဌာန်ရိပ်သာ ၀ိပဿနာ (၉)ရက် ရားစခန်း
၂၀၁၂ ခုနှစ် တရုတ်နှစ်သစ်ကူး - ဇန်န၀ါရီ ၂၁ ရက်မှ ၂၉ရက်


ကမ္မဋ္ဌာနစရိယ ဆရာတော်ဦးရာဇိန္ဒ ၊ ဆရာတော် ဦးသဇ္ဇနာလင်္ကာရ
နေ့ရက်
၁ ဇန်န၀ါရီ မှ ၂၉ ဇန်န၀ါရီ၊ (၉) ရက် တရားစခန်း
တရုတ်နှစ်သစ်ကူး ၂၀၁၂
ခုနှစ်
နေရာ Bodhiyarama Hermitage
(Kuala Kabu Bharu),
Selangor, (near KL), Malaysia
တရားပို့ချမှု
မြန်မာ ဘာသာ
ဝင်ကြေး အခမဲ့

လျှောက်လွှာ ၊ စည်းကမ်းချက်များ
ဤနေရာမှ ဒေါင်းလုပ် ပြုလုပ်ပါရန်။
1) Application form
2) Retreat Poster
3) Yogi's Responsibilities

ဆက်သွယ်ရန်
ဒေါ်ခင်ကြူကြူ (၉၁၄၄ ၇၆၈၉)
ဦးကျော်ဟန် ( ၉၆၁၉ ၉၅၄၀)
လျှောက်လွှာ ပို့ရန်
အီးမေးလ်
၁၅ ဒီဇင်ဘာ ၂၀၁၁ ကို နောက်ဆုံးထား ပြီး smc.retreat@gmail.com သို့ အီးမေးလ် ပို့ကာ Application form လျှောက်လွှာ တင်နိုင်ကြပါသည်။

မေတ္တာဖြင့်...
သတိပဋ္ဌာန်ရိပ်သာ ၀ိပဿနာ တရားစခန်း၊ စင်ကာပူ


သာဓု... သာဓု... သာဓု

++++++++++++++++

ကိုတာတန်ကီ အမှတ်တရ ( Kota Tinggi Remembrance )

ကိုတာတန်ကီ အမှတ်တရ ( Kota Tinggi Remembrance )

၂၀၀၉ ခုနှစ် တရုတ်နှစ်သစ်ကူး အားလပ်ရက်မှာ SMC (သတိပဋ္ဌာန် ရိပ်သာ၊ စင်ကာပူ) မှ စီစဉ် ကြီးမှုးပြီး (Santisukharama Hermitage, Kota Tinggi, Malaysia) မလေးရှားနိုင်ငံ၊ ကိုတာတန်ကီ၊ သန္တိသုခရာမ ကျောင်းတိုက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဆရာတော်ဘုရားဦးရာဇိန္ဒ ၏ (၇)ရက် တရားစခန်းတွင် ဝေယျာဝစ္ဆ လုပ်အားပေး အနေနဲ့ ကူညီလုပ်ကိုင်ခဲ့ပါတယ်။ ကနဦးကတော့ တရားထိုင်ဖို့ ရည်ရွယ် လိုက်ပါခဲ့သော်လည်း တရုတ် နှစ်ကူးမှာ စားသောက်ဆိုင်များ မှ ထမင်း၊ ဟင်းများ မှာယူနိုင်ခြင်း မရှိသည့် အတွက် ယောဂီများ ဆွမ်းကျွေးရန် အခက်အခဲ ဖြစ်နေသဖြင့် ချက်ပြုတ်ကျွေးမွေးရန် ဝေယျာဝစ္ဆ အနေနဲ့ ၀င်ရောက် လုပ်အားပေးရခြင်းဖြစ်ပါတယ်။

ယောဂီ ၈၀ နီးပါး အတွက် နေ့စဉ် အာရုဏ်ဆွမ်း၊ နေ့ဆွမ်း များကို သဲသဲ၊ သန်းသန်း၊ အနီလေး နဲ့ မရွှေစုတို့ မိန်းခလေး ၄ယောက် ဦးဆောင်ပြီး ဈေးဝယ်၊ ချက်ပြုတ် လုပ်အား အလှူဒါန ပြုခဲ့ကြပါတယ်။ လောဘ ဒေါသ မောဟများမှ တတ်နိုင်သမျှ ဖယ်ခွာပြီး ကြိုးစား တရားအားထုတ်နေကြတဲ့ ယောဂီ သူတော်စင်များအတွက် လုပ်ကိုင်ပေးရတာမို့၊ အစား ကောင်းကောင်းဝင်မှ တရား ကောင်းကောင်း အားထုတ်နိုင်မှာလည်းဖြစ်တာမို့ အရသာ ရှိစေမယ့် အစားအစာများကို မမောနိုင် မပန်းနိုင် ကြိုးစား စီစဉ်ပေးကြရပါတယ်။ တစ်နေ့ အိပ်ချိန် ၃- ၄ နာရီသာ ရပေမယ့် သဲသဲ၊ သန်းသန်း နဲ့ အနီလေး တို့ အားလုံး ဘယ်သူမှ ပင်ပန်းတယ်လို့ တစ်ချက်မှ ညည်းညူခြင်း မပြုပဲ တကယ့်ကို စေတနာ သဒ္ဓါတရားများ အပြည့်နဲ့ ၀မ်းပမ်းတသာ လုပ်ကိုင်ကြတာ အင်မတန် ချီးကျူး ဂုဏ်ယူစရာ ကောင်းလှပါတယ်။

၂၀၀၉ ခုနှစ် နောက်ပိုင်းမှာတော့ SMC မှ ဦးစီးကျင်းပတဲ့ တရားစခန်းများကို စင်ကာပူရှိ SMC တရားရိပ်သာမှာ ပြုလုပ်ခဲ့ကြပါတယ်။ ယခု လာမယ့်နှစ် ၂၀၁၂ တရုတ်နှစ်သစ်ကူးမှာ SMC မှ ဦးစီးကျင်းပမယ့် (၉)ရက် တရားစခန်းကို မလေးရှားနိုင်ငံ ကွာလမ်လမ်ပူ မြို့အနီး ၆ဧက နီးပါး ကျယ်ဝန်းတဲ့ အေးချမ်းသာယာလှတဲ့ Bodhiyarama ကျောင်းတိုက်ကြီးမှာ ကျင်းပမှာ ဖြစ်ပါတယ်ဆိုတဲ့ အကြောင်း ဓမ္မမိတ်ဆွေအပေါင်းတို့အား သတင်းကောင်းပေးလိုက်ရပါတယ်။

၂၀၀၉ ခုနှစ် တရုတ်နှစ်ကူး ကိုတာတန်ကီ၊ သန္တိသုခရာမ ကျောင်းတိုက်မှာ ကျင်းပခဲ့တဲ့ (၇)ရက် တရားစခန်းမှ ဓါတ်ပုံများကို အမှတ်တရ တင်ပေးလိုက်ပါတယ်။


ယောဂီများ တရားထိုင်ရာ ဓမ္မအဆောင်

ယောဂီများအတွက် အိပ်ရာ နေရာ

ယောဂီများ အတွက် နေ့ဆွမ်း







အေးချမ်းသာယာလှတဲ့ သန္တိသုခရာမ ကျောင်းတိုက်

သာဓု... သာဓု... သာဓု...

+++++++++

Friday, November 11, 2011

ချစ်ပါကွယ် ... လား... လား... လား...

မရွှေစုတို့ ငယ်ငယ် အပျိုပေါက် အရွယ်လောက်က ရပ်ကွက်တွေထဲမယ် တန်ဆောင်တိုင်တွေဆို အလွန်အင်မတန်စည်ကားတယ်။ သီတင်းကျွတ်မှာသာ သိပ်မစည်ကားရင် နေမယ်။ တန်ဆောင်တိုင် မီးထွန်းပွဲတော်ကိုတော့ နှစ်စဉ် စည်စည်ကားကား ကျင်းပလေ့ရှိကြတယ်။ တချို့နှစ်များဆို ၁၃လမ်း အောက်လမ်းမှာ လုပ်တဲ့ ဆရာဦးဘဂျမ်း ကာတွန်း ပြပွဲကို အတုခိုးပြီး ကာတွန်းတွေကို မီးပုံးတွေနဲ့ အတူ ချိတ်ကြတယ်။ တန်ဆောင်မုန်းလပြည့် မကျော်ခင် ကျင်းပရတဲ့ ကထိန်ပွဲ ဒါမှမဟုတ် ဆွမ်းသိမ်းပွဲ အကြောင်းပြလို့ ဆိုင်းသွင်းတဲ့ အခါ သွင်း၊ အငြိမ့်တို့၊ ဇာတ်ပွဲတို့ ဋ္ဌားပြတဲ့အခါ ပြ၊ မိုးအလင်း ရုပ်ရှင်တွေ ပြတဲ့အခါ ပြ၊ အဲသာတွေမှ မလုပ်ဖြစ်ရင် အနည်းဆုံးတော့ ရပ်ကွက် အလိုက်၊ တချို့ လမ်းတွေ အလိုက် လူငယ်တွေစုပြီး ဘောလုံးကွင်းလို ဒါမှမဟုတ် ကျောင်းဝင်းတွေထဲက ကွက်လပ်မျိုးလို နေရာတွေမှာ စင်တွေထိုးပြီး တေးသရုပ်ဖော် သီချင်းတွေ နဲ့ ဆိုကြ ကကြလေ့ရှိတယ်။

အို ... မရွှေစုတို့ အိမ်နား အဲသလို ပွဲရှိတဲ့ နေ့ဆို မုံ့ဆိုင်လေးတွေဆိုတာများ ဘူတာရုံလမ်းမတစ်လျှောက်ကနေ ပွဲခင်းရှိတဲ့ မူလတန်းကျောင်းက ကွင်းပြင် အထိ အရောက် လမ်းအပြည့်ခင်းထားတာပဲ။ အသုတ်စုံ၊ မုံ့ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ အမဲအူပြုတ်၊ ၀က်သားတုတ်ထိုး၊ အကြော်စုံ၊ ကောက်ညှင်း ကျည်ထောက်၊ မုံ့လေပွေ၊ ဘိန်းမုံ့၊ မုံ့လင်မယား၊ ရေမုန့်၊ စုံလို့ စုံလို့..။ ပြီးတော့ မဟာဗန္ဓုလ စစ်သူကြီး ဦးထုတ်တွေနဲ့ ဘောလုံးတွေ၊ ပလုတ်တုတ် ချိုးရုပ်စတဲ့ ကလေးကစားစရာ မျိုးစုံ ရောင်းတဲ့ဆိုင်တွေ... စသဖြင့်။

မရွှေစုက အစားတော့ မမက်ဘူး။ ပွဲတော့ မက်တယ်။ မရွှေစုတို့ ငယ်ငယ်က အဖိုး အဖွားတွေနဲ့လည်း နေရ၊ မိသားစုကလည်း ရှေးဆန်ကြတော့ ရပ်ကွက်ထဲက ပွဲတွေ ကို လူတွေနဲ့ ရောရောနှောနှော ကြည့်ခွင့် မပေးချင်ဘူး။ ရပါတယ်။ ကြည့်ခွင့်မပေးတော့ ဒီလိုပဲ အိမ်နားကလူတွေနဲ့ ကပ်လိုက်သွားပြီး တခါတခါ ရသလောက်လေး ခိုးကြည့်ရတာပေါ့။ ခိုးကြည့်လို့ မရလဲ မူလတန်း ကျောင်းဝင်းထဲ ပွဲလုပ်တဲ့ ဇာတ်စင်က အိမ်နဲ့ နီးနီးလေးဆိုတော့ သီချင်းသံတွေက ကြားနေရတယ်ရယ်ကိုး။ အဲဒီ အချိန်က တတ်နိုင်ရင် မရ ရအောင် ခိုး ပြီး သွားကြည့်ဖြစ်တာ ရပ်ကွက်ထဲက လူငယ် လူရွယ်တွ ကတဲ့ တေးသရုပ်ဖော် အကတွေပေါ့။ ကျော်ရဲအောင်ဆိုရင် ရုပ်ရှင်မင်းသား မဖြစ်ခင်က ရပ်ကွက်ထဲက စင်တွေမှာ အဲသလို တေးသရုပ်ဖော်တွေ ကခဲ့တဲ့သူပေါ့။

အဲဒီခေတ်က သူတို့ တေးသရုပ်ဖေါ်ကခဲ့တဲ့ နာမည်ကျော် သီချင်းတွေက သိသလောက် ဘိုဘိုဟန် သီချင်းတွေ၊ သန်းနိုင်၊ ပုလဲ သီချင်းတွေ၊ နွဲ့ယဉ်ဝင်း၊ စိုးပိုင် သီချင်းတွေ ဆိုတာ ခုထက်ထိ မှတ်မိနေတယ်။

နီနီ...ညိုညို ခေါ်တယ်... ကောင်မလေး ၂ယောက်ရှိတယ်။ ခင်ပါ မင်ပါ ဘာညာ ဒီလိုနဲ့ သိခဲ့ပြီးတော့ ...ပြီးတော့ ပြီးတော့.... ထို့နောက် ထို့နောက်ပါ....
အဲသာကို ကောင်မလေး ၂ယောက်က အညိုရောင်နဲ့ အနီရောင် အင်္ကျီတွေ ၀တ် ပြီး အလယ်က ကောင်လေးက အဖြူရောင် ပရက်စလေလို ၀တ်ပြီး သရုပ်ဖော်ကတယ်။

ဟေ့.. ကောင်မလေး ...ကမ္ဘာပေါ်မှာ မြန်မာဆိုတာ အယဉ်ကျေးဆုံး တိုင်းပြည် တစ်ခုပါ။ လိမ်လိမ်မာမာ ဆရာ မိဖ စကားကို ရိုးရိုးသားသား နားထောင်စေချင်တာ စေတနာ... တော်စမ်းပါ.... တော်နိုင်ဘူးလေကွာ... မသိရင် ခက်မှာ....
အဲသာကိုတော့ ကောင်လေးနဲ့ ကောင်မလေး စုံတွဲ ဟန်ပါပါ သရုပ်ဆောင်ကြတယ်။

ရည်းစား၂ယောက်လောက် ထားပါ အတော်ပဲ။ တစ်ယောက်ယောက်နဲ့ ကွဲရင် အဖော်ရှိမယ်။ ဦးဘညွန့်ရဲ့ ချစ်ဒုက္ခကို မသိလား။ ခုပဲ ချစ်လိုက် ခုပဲကြိုက်လိုက် ခုပဲ မုန်းလိုက် ချစ်တယ်ဆိုတဲ့ ကော်မလေးတွေ မယုံပါနဲ့ ဟေ့...ဟေ့...ဟေ့...
အဲသာကိုတော့ ကောင်လေး တစ်ယောက်က လိမ်ကောက်ပြီး ကပြတယ်။

ဝိုင်းဝိုင်း စက်စက် ၀လုံးကို ရေး ... အမေ့ကျောင်း အတူသွားမယ်.... ဖိုးလမင်းက လမ်းပြပါ... အနောက်ကလိုက်လို့...ကျောင်းတက်မှာ....
အဲသာကတော့ ကလေးမလေး တစ်ယောက်က သရုပ်ဖော် က တယ်။

မယုံဘူးလား နားရွက်ဆွဲပြီး ထထိုင်လို့ ခိုင်းစမ်းပါနော်ကွယ်...
အမယ်.... အဲဒီ စုံတွဲသီချင်းဆို ကောင်လေးက တကယ် နားရွက်ဆွဲ ထိုင်ထ လုပ်ပြလိုက်သေး။

ပြောရရင်တော့ သီချင်းတွေကို အများကြီးပဲ။ အဲဒီထဲမယ် အခုထက်ထိ မှတ်မိနေတဲ့ သီချင်းလေး တစ်ပုဒ် ရှိတယ်။ အဲဒီတုန်းကများ မှတ်ဉာဏ်က ဘာကောင်းသလဲ မမေးပါနဲ့။ သီချင်းတွေကလည်း ဆိုလွယ်တေးတွေ များတော့ သီချင်း တစ်ပုဒ် တစ်ခါ နားထောင်ပြီးရင် ဆိုလို့ ရနေပြီတော့။ အဲသမှာ ညတုန်းက ကပွဲမှာ ခိုးကြည့်ခဲ့တဲ့ သီချင်းလေး နားထောင်လို့ကာင်း၊ ဆိုလို့ ကောင်းတာနဲ့ နောက်တနေ့ မနက်ထိ အိမ်မှာ ပန်းကန်ဆေးရင်း ကြမ်းတိုက် တံမြက်လှည်းရင်း ညည်း... ညည်းနေမိတာ လူကြီးတွေ ကြားတော့ သမ္ဖပလာပ ပေါက်ကရတွေ ဆိုတယ် ဆိုပြီး အဖွား ခေါက်တာခံရ၊ ကြီးဒေါ်အပျိုကြီးကတော့ မိန်းခလေးတန်မဲ့ ဒီလိုသီချင်းမျိုးဆိုပြီး ရွချင်အုံးဟဲ့ ဆိုပြီး ပေါင်တွင်းကြော လိမ်ဆွဲတာ ခံရ။

မရွှေစုကလည်း ဆိုနေမိတာ သီချင်းမှာ တချို့စာသားတွေကို ၀ါးဝါးချ၊ ထပ်ကာထပ်ကာ ကျော့ပြီး ဆိုနေမိတဲ့ အပိုဒ်က ... ဒီလို။
မင်းအသက်က သိပ်မငယ် ဘာများတွေးနေလဲ...
၁၆နှစ်ထဲတောင် ၁ရက်လျှော့နေတယ်...

ချစ်ပါကွယ် ... လား...လား...လား...

မချစ်နိုင်ပေါင်... သွား... သွား...သွား....

ဟီး... ကိုယ်ကလည်း အဲဒီတုန်းက ၁၃-၁၄-၅ နှစ် အရွယ် ဆိုတော့ လူကြီးတွေက ဆဲတော့ မပေါ့... နော့လေ။

အဲဒီ သီချင်း ခေါင်းစဉ်၊ ရေးတဲ့သူ၊ မူရင်းဆိုတဲ့သူတွေတော့ သေချာ မမှတ်မိဘူးဖြစ်နေတယ်။ နောက်ပိုင်း ပိုးအိစံ တို့ ပြန်ဆိုထားတဲ့ အထဲက သီချင်း တစ်ပုဒ်လုံး ကူးရေးပေးလိုက်ပါတယ်။

(မကြာခင် သီတင်းကျွတ်တော့မယ်...
မင်းနဲ့ အတူ နေရာစုံအောင် ....လျှောက်လည်ချင်တယ်...

ဖြည်းဖြည်း ပြောကွယ် ... စိတ်ကူးလွန်ပြီး မောင်မောအုံးမယ်....
လက်ထပ်ဖို့ အရေး .... မတွေးချင်ပါတယ်....)

(ချစ်ပါကွယ် .... လား...လား...လား...
ချစ်နိုင်ပေါင် သွား.. သွား..သွား...)

(မင်းအသက်က သိပ်မငယ် ဘာများတွေးနေလဲ...
၁၆နှစ်ထဲတောင် ၁ရက်လျှော့နေတယ်
မိုးကြိုးပစ်လိမ့်မယ် ညာပြီး ပြောနေရင်
မိုးကြိုးကြီး ပစ်ပါစေ အမှန်အတိုင်းပြောနေတာ... ဟာ...
ဒီလိုပုံ မငြင်းနဲ့ သူများကြားရင် ရီနေမယ်
မိန်းမသားမို့ သိပ်ခက်တယ်.... စဉ်းစားလွန်းမှ တော်နိုင်မယ်
ကိုယ့်အကြောင်းလည်း မင်းအသိနဲ့ စိတ်ညစ်လှချည်ရဲ့
အိုး... မောင်... စိတ်ကြိုက်သာ စီစဉ်ပါ... လိုက်လျောရမှာပါ
ဒီလောကမှာ ဒီတစ်ခါ အပျော်ဆုံးပဲ... မေရာ)


ChitParKwe PoeEiSan


ကိုင်း ... ခုများတော့ အနားမှာ ခေါင်းခေါက်မယ့်သူတို့ လိမ်ဆွဲမယ့်သူတို့ မရှိတုန်းလေး ဟစ်လိုက်အုံးမယ်....

အို ...ဘာတဲ့... ချစ်ပါကွယ်... လား...လား...လား......။

**************